Showing posts with label 3. Show all posts
Showing posts with label 3. Show all posts

Thursday, 14 July 2011

ရုပ်သေးရုပ်

မှောင်မိုက်ခြင်း လွင်ပြင်ထဲမှာ
ငါ မွတ်သိပ် တောင့်တမှုတွေနဲ့
ဖြစ်တည်လာခဲ့တယ် …
အမှောင်ထဲမှာ မွေးဖွားခဲ့သူ
ငါ့အတွက် အနာဂတ်မှောင်မိုက်နေတာအမှန်
ငါ့ရဲ့ ရပ်တည်မှုနေရာကိုတောင်
သိပ်မသိတဲ့ငါ အနာဂတ်ဆိုတာ မြူခိုးတစ်ခုလိုပါပဲ …
ငါ့ကျောပြင်ကို ပူစပ်စပ် လေကြမ်း ဖြတ်တိုက်သွားတယ်…
ဒီ ပူစပ်စပ်အရာကို ကျင့်သားရနေပေမယ့်
ငါ့ရဲ့ ခန္ဓာက လက်မခံနိုင်ဘူး ထင်ပါရဲ့…
ရှတတ ဒဏ်ရာတစ်ချက်နဲ့အတူ
နှလုံးသွေး တစ်စက်ယိုစီးသွားသလို
ငါ ခံစားလိုက်ရတယ် …
နှုတ်ခမ်းပေါ်က မွတ်သိပ်မှုကြောင့်
နှလုံးသားရဲ့ ခံစားမှုလေးကို ရုတ်သိမ်းလိုက်တယ်…
ဟော … ငါ့လို ရုပ်သေးရုပ်လေး
အလင်းအိမ်လေးတစ်ခု ကိုင်ဆွဲလို့ မှောင်မိုက်ခြင်း လမ်းထဲ တိုးဝင်သွားပါလား
ငါ သူ့အနောက် အမောတကော ပြေးလိုက်မိတယ် … ဒါပေမယ့် သူ့ အလင်းအိမ်လေးက
ငါ့အတွက် လုံလောက်တဲ့ အလင်းရောင် မပေးနိုင်ပါဘူး… သူ့ကျောပြင်ကို ငေးကြည့်ရုံကလွဲလို့
ငါ့ နေရာလေးမှာပဲ ငါ ရပ်နေခဲ့ရတယ် … ဒါပေမယ့် ငါ့ရင်ထဲ နွမ်းလျမှုတွေကတော့ ပိုတိုးလာခဲ့တယ်….
ငါ ကောင်းကင်ကြီးကို အားကိုးတကြီးမော့ကြည့်မိတယ် …. အလင်းအိမ်လေးတွေ ပျံဝဲလို့ပါလား
မှောင်မိုက်ခြင်း လွင်ပြင်ထဲ မွေးဖွားလာသူငါ့အတွက် ကောင်းကင်ကြီးကို မော့ကြည့်ယုံကလွဲလို့
ငါ့မှာ ဘာလုပ်နိုင်စွမ်းမှ မရှိဘူးလေ… ငါ့အတွက် အလင်းအိမ်ငယ်ငယ်လေးတစ်အိမ် ကြွေကျလာမလား ဆိုတဲ့
ဆန္ဒလေးတော့ ထားနိုင်ပါရဲ့နော်…

ဒီအလင်းအိမ်ငယ်လေးကို ရခဲ့ရင် ငါ လက်က ကိုင်ဆွဲလို့ ဟို မဲမဲလမ်းမကြီးထဲ လျှောက်ကြည့်ချင်တယ်လေ…
မျှော်လင့်ခြင်း လက်နက်တစ်စုံနဲ့ပေါ့ ….. ငါ့ ပါးပြင်ပေါ် ပူနွေးနွေး မြစ်တစ်ကြောင်း ဖြတ်စီးသွားတယ် ….
ဝမ်းနည်းမှုကြောင့်လား၊ မွတ်သိပ်မှုကြောင့်လား၊ ဘာကြောင့်ဆိုတာ
ငါ ကိုယ်တိုင် ခွဲခြား မသိနိုင်ပေမယ့် ….
ငါ မိုးကောင်းကင်ကြီးကိုတော့ မျှော်လင့်ချက် မျက်ဝန်းတစ်စုံနဲ့ ကြည့်နေဆဲပါ ……….

၁၅-၃-၂၀၁၁
လိပ်ပြာ