Showing posts with label 6. Show all posts
Showing posts with label 6. Show all posts

Monday, 18 July 2011

ခေတ်နဲ့ ပိုက်ဆံ

ပိုက်ဆံ…. ကျွန်တော် ငယ်ငယ်က ပိုက်ဆံအရမ်းမက်တယ် . . မေမေက မုန့်ဖိုးပေးရင်တောင် ကိုယ့်မုန့်ဖိုးတောင် မကြည့်ဘူး မေမေ့ ပိုက်ဆံအိပ်လေး လှမ်းကြည့်ပြီး ထပ်များပေးမလားလို့ မျှော်ရတာ အမော၊ အဖေက မုန့်ဖိုးပေးရင်လည်း မျက်နှာငယ်လေးနဲ့ သနားပြီး ပိုပေးအောင် နေပြတာ အမော . . ဟဲဟဲ ကိုယ့်ဂုဏ်နည်းနည်းဖော်မယ်နော် . .အဲလောက် ပိုက်ဆံမက်တာ ခင်ဗျ…
နောက် (၈)တန်း အရွယ်လောက်မှာ စီးပွားရေးကို စစဉ်းစားလာတယ်။ မေမေ အမွေဘယ်လောက်ပေးမှာလဲပေါ့။ ပေးရင် သားကို ခု နည်းနည်းလေး ချေးထားပါလား နောက်မှ ပြန်ဖြတ်ပေါ့ဗျာဆိုပြီး တောင်းတတ်လာတယ်။ ထားလိုက်ပါတော့ ကျွန်တော် ပိုက်ဆံသိပ်မက်တယ်ပေါ့ဗျာ။

ခု အသက်ရလာတဲ့အခါမှာ ကျွန်တော်ရဲ့ အမြင်တွေ ပြောင်းလဲလာတယ်။ ပိုက်ဆံဆိုတာ လူတစ်ယောက်မှာ မရှိမဖြစ် လိုအပ်တဲ့အရာကြီးတစ်ခု မဟုတ်ဘူးဆိုတာပဲ။ ပိုက်ဆံဆိုတာ
လိုချင်တာကို ၀ယ်ဖို့ လွယ်ကူအောင် လုပ်ပေးတဲ့ အရာတစ်ခု အနေနဲ့ပဲ သဘောထားတော့တယ်။
လူဆိုတာ ကိုယ်ဝါသနာပါရာအလုပ်တွေနဲ့ ကိုယ့်ဗဟုသုတတွေကို ရှာမှီးနေဖို့ပဲလိုတယ် ပိုက်ဆံဆိုတာနောက်ကို လိုက်ဖို့ မလိုဘူးလို့ဘဲထင်တယ်။ ပိုက်ဆံမရှာရဘူးလို့ ပြောတာ မဟုတ်ဘူးနော်။ ရှာတော့ ရှာရမယ် သိပ်ပြီးနစ်မြုပ်ဝင်သွားအောင်တော့ မလုပ်သင့်ဘူး။ ပိုက်ဆံ ကိုယ့်နောက်လိုက်အောင်ပဲ ကြိုးစားရမယ်။
ပိုက်ဆံက အရာရာတိုင်းကို ဖန်တီးနိုင်တယ်လို့ လူတော်တော်များများက ပြောကြတယ်။ ဟုတ်ပါလိမ့်မယ်။ အတိုင်းအတာတစ်ခု အထိ လုပ်နိုင်ပါတယ်။
ဒါပေမယ့် တကယ့်လက်တွေ့ဘ၀မှာ ရင်ဆိုင်နေရတယ့် စိတ်ခံစားမှုတွေ ယုံကြည်မှုတွေ အနာဂတ်တွေကိုတော့ ပိုက်ဆံနဲ့ ပြောင်းလဲအောင် မလုပ်နိုင်ပါဘူး။ လုပ်နိုင်တယ်လို့ ထင်မြင် ယူဆတဲ့သူတွေကိုလည်း လုပ်ကြည့်ပါလို့ ပြောချင်တယ်။

ခုနောက်ပိုင်းမှာ လူတော်တော်များများဟာ ပိုက်ဆံနဲ့ ပတ်သက်လာရင် ကိုယ်ကျင့်တရားတွေ ပျက်ပြားကုန်ကြတယ်။ ယောက်ျားတွေကလည်း ပိုက်ဆံရှိလို့ ပျက်စီးသလို၊ မိန်းမတွေကလည်း ပိုက်ဆံမက်လို့ ပျက်စီးကြရတယ်။ ပိုက်ဆံမက်လို့ ဒုက္ခရောက်တဲ့သူတွေလည်း ဒုနဲ့ ဒေးပါဘဲ။ ခေတ်ကလည်း ပစ္စည်းဆန်းဆန်းတွေကို ငွေပုံပေး ၀ယ်ယူတဲ့ခေတ်ကိုး။ အမှန်တော့ ဒါတွေဟာ
မဖြစ်သင့် မဖြစ်ထိုက်တာတွေပါ။ တလောက သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ် တရုတ်ပြည်က မိန်းမပျိုလေးတစ်ယောက် iphone လေး ကိုင်ခွင့်သာ ရမယ်ဆို၊ ၀ယ်ပေးမယ့် သူကို သူရဲ့ အပျိုစင် ဘ၀ပေးမယ်လို့ ကြေငြာသတဲ့ဗျာ။ ဒါ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပါ။ ပစ္စည်းဆိုတာ သင်္ခါရပါ။ တစ်နှစ်တစ်မျိုး အမျိုးမျိုး အသစ်အဆန်းတွေ ထွက်နေတာပါ။ ဒီလိုမျိုးသာ ဖြစ်နေရင် ဘယ်လို လုပ်ကြမလဲ။ ပစ္စည်းဆိုတာ ကိုယ်နဲ့ အသုံးတည့်မှ တန်ဖိုးဆိုတာရှိပါတယ်။ ကိုယ်နဲ့ အသုံးမတည့်ပဲ ၀ယ်ထားတဲ့ ပစ္စည်း ဘယ်လောက် ပိုက်ဆံပေးပီး ၀ယ်တယ်ပြောပြော။ တန်ဖိုး မရှိပါဘူး။

ခုလို သက်မဲ့တစ်ခုအပေါ်မှာတောင် ဒီလို လောဘတွေ တက်မက်စိတ်တွေ ဖြစ်နေရင် နောင်အနာဂတ်မှာ လူတွေ ဘယ်လို လုပ်ကြမလဲ။ ခေတ်ဆိုတာ အမျိုးမျိုးပြောင်းလဲနေတာပါ။ ခု အခြေအနေက ဆုတ်ခေတ်ဘက်ကို ရောက်နေတာပါ။ ပစ္စည်းတွေ ဘယ်လောက် ခေတ်မီတယ်ပြောပြော အဆိုးဘက်က ကြည့်ရင် ဆိုးကျိုးတွေ အများကြီးပါ။

တရားသဘောနဲ့ ချိန်ထိုးကြည့်ရင် အနိစ္စ မတည်မြဲခြင်းသဘောကြောင့် ဘယ်အရာဝတ္ထုမှ တည်မြဲခြင်း သဘောကို မဆောင်ပါဘူး။ အကောင်းချည်းပဲဆိုတာ မရှိသလို၊ အဆိုးချည်းပဲဆိုတာ မရှိပါဘူး။ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာမို့ တစ်ခုကောင်းနေရင် တစ်ခု ဆိုးနေမှာပါ။ ဥပမာ-ပိုက်ဆံချမ်းသာရင် ကျန်းမာရေး ချို့တဲ့မယ်ပေါ့၊ ဒါမှမဟုတ် တစ်ခုခု စိတ်ညစ်စရာတော့ ရှိမှာပါ။ 

အမည်နာမ်စားတွေ မခွဲပဲ လူဆိုတဲ့ လူတွေအားလုံးဟာ ဒီမြေကြီးပေါ်မှာ နှစ်ခေါင်းပေါက်နဲ့ အသက်ရှုကြတဲ့ လူတွေအားလုံးတူတူကြီးပါပဲ။ စိတ်ညစ်စရာတွေ ပျော်စရာတွေအားလုံး ထပ်တူ ခံစားဖူးတဲ့ သူတွေ ရှိသလို၊ ဆင်တူ ခံစားဖူးတဲ့ သူတွေ ရှိမှာပါဘဲ။ ဒါကြောင့် ငါသည်သာ အဆင်းရဲဆုံး ၊ ဒုက္ခအများဆုံး ဆိုပီး ကိုယ့်အတ္တကို ရှေ့တန်းမတင်ပါနဲ့။ လုပ်စရာရှိတာ လုပ်ပါ။ သင်စရာရှိတာ သင်ယူပါ။
ခေတ်နဲ့ စနစ်၊ လိုအပ်ချက်တွေကို သေသေချာချာ ခွဲခြားပါ။

ပိုက်ဆံဆိုတဲ့ အမြင်အပေါ်မှာလဲ အားလုံး ပြောင်းလဲ ပစ်ဖို့ လိုပီ ထင်ပါတယ်။ ပိုက်ဆံဆိုတာ အရောင်မျိုးစုံ နှိပ်ထားတဲ့ လိုချင်တာကို လဲလှယ်ယူရတဲ့ ဖြတ်ပိုင်းစုတ်တစ်ခုပါပဲ။ အဲ့ဒီ စာရွတ်စုတ်တွေရဖို့အတွက် သွေးတွေ၊ ချွေးတွေ၊ အကျင့်သိက္ခာတွေ၊ မတရားမှုတွေ ကျူးလွန်ရတာ တန်ရဲ့လား???



ပျော်ရွှင်ကြပါစေဗျာ...


18-7-2011

အချိန်နဲ့ ပြဿနာ

ကျွန်တော်တို့ Time ဆိုတဲ့ အချိန်ပေါ်မှာ သွားလာလှုပ်ရှား ရုန်းကန်နေရတယ် . . တချို့သူတွေအတွက် အချိန်တွေ ပိုနေသလို တချို့သူတွေကတော့ ရှိတဲ့အချိန်တွေက မလောက်ငဘူး ဖြစ်နေကြတယ် . . ဒါပေမယ့် အချိန်တွေကို လူတိုင်းလိုလို အသုံးချတတ်ကြပါတယ် . . အဲဒီမှာ ပြောချင်တာက လူ့ဘ၀သက်တမ်းနဲ့ တွက်လိုက်မယ်ဆိုရင် တကယ်တန်ဖိုးရှိရှိ အသုံးချလိုက်တဲ့ အချိန်တွေက သိပ်ပြီး မပြောပလောက်ဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်ခုပြောတဲ့အထဲမှာ လူတိုင်းတော့
မပါဘူးနော် ဒါပေမယ့် လူအများစုတော့ အကျုံးဝင်တယ် ..

အချိန်ဆိုလို့ . . တချို့ကိစ္စတွေက အချိန်နဲ့ တိုင်းတာလို့ မရတာတွေရှိတယ်။ အကြမ်းဖျင်းဆိုရရင်တော့ အများအားဖြင့် စိတ်ခံစားမှုနဲ့ လုပ်ရတဲ့ အလုပ်တွေပေါ့ . . ဒါတွေထားပါတော့ လူတစ်ယောက်အတွက်တော့ လူပီသချင်တယ်ဆိုရင်တော့
အချိန်တွေကို မှန်ကန်စွာအသုံးချတတ်ဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်တယ် . ဘာလို့လဲ ??
ကျွန်တော်တို့ လူသားတွေမှာ လုပ်စရာအလုပ်တွေအများကြီးရှိတယ် . . ချမ်းသာရုံနဲ့ ဘ၀က ပြီးသွားမှာလား ပညာတတ်ရုံနဲ့လား တစ်ခုမှ မဟုတ်ဘူး . . ဒါပေမယ့် လူအများစုကတော့ ကိစ္စတစ်ခုထဲကိုဘဲ လုပ်တတ်ကြတယ် ချမ်းသာတဲ့သူက ပစ္စည်းတွေ ကုန်းရုန်း ရှာရင်းနဲ့ ဘ၀နစ်မွန်းသွားကြတယ်. . . ကျွန်တော်တို့ လူဖြစ်လာရတာ ချမ်းသာဖို့လား?  ပညာတတ်ဖို့လား ? အချစ်အတွက်လား?
ဒါတွေ မရှိရင် လူ့ဘ၀က မနေသာတာတော့ အမှန်ပါဘဲ၊ ဒါပေမယ့် ကျွန်တော်တို့က အားလုံးကို ချုံငုံမိဖို့ လိုတယ် သူ့အချိန်အတိုင်းအတာ တစ်ခုစီနဲ့ ထားတတ်ဖို့လိုတယ်။ အလွန်အကျွံထားလိုက်ရင် ကျွန်တော်တို့ လူဖြစ်ရှုံးသွားပြီ။
အဲလောက် လုပ်စရာတွေများပါတယ်ဆိုမှ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိကြတဲ့သူတွေလည်း ရှိတယ် အဲဒါဟာ အမြဲတမ်းမဟုတ်ဘူး တခဏဦးတည်ချက်ပျောက်သွားတာ . . ဒါကို စိတ်ဓါတ်ကျနေမယ်ဆိုရင် ဒီလူဟာ လူမပီသတော့ဘူး . . ကိစ္စတစ်ခု ဖြစ်လာတိုင်းမှာ နှလုံးသွင်းထားရမှာက ဘယ်လောက်ဘဲ ခက်ခဲနေပါစေ ငါ မနက်ဖြန်ဆို ဒီလို ဒုက္ခတွေ မရှိနိုင်လောက်တော့ဘူးဆိုပြီး ဒီနေ့ကို အားတင်းဖြတ်သန်းသင့်တယ် . . ကျွန်တော်တို့ မြတ်စွာဘုရား ဟောထားတဲ့ အနိစ္စဆိုတဲ့ စကားလုံးက သိပ်ကို သိမ်မွေ့ နက်နဲပါတယ် . . အနိစ္စ အမြဲမရှိတဲ့ ခု စိတ်ဓါတ်ကျနေလား မကျပါနဲ့ အဲဒါ မမြဲသောတရားပါ
အချိန်အတိုင်းအတာတစ်ခု ဖြတ်ကျော်ပြီးတာနဲ့ ပျောက်သွားမှာပါ၊ (((ဒီလို ပြောလို့ ပြောတာတော့ လွယ်တာကွ မင်း လုပ်ကြည့်ပါလားလို့ ပြောချင်တဲ့သူတွေလည်း ရှိပါတယ်။ ဟုတ်ပါတယ် ကျွန်တော် လက်ခံပါတယ်။ ဒါပေမယ့် အကြံဥာဏ်ပေးချင်တာက ပြသနာလေးတွေ ကြုံတဲ့အခါ ကျွန်တော်ပြောသလို စဉ်းစားပေးပါ။ အနည်းငယ်သက်သာမယ်လို့ ထင်ပါတယ်။ တချို့ကျတော့လည်း ငါလည်း သိသားဘဲ သူပြောမှလား ဟုတ်ပါတယ် လူတိုင်းက သိထားတာတွေ သိပ်များကြတယ် တစ်ခါတစ်လေမှာ မေ့နေတတ်ကြပါတယ် မမေ့ကြပါနဲ့လို့))) ဒါကြောင့် ကိစ္စတစ်ခု အမှားလုပ်မိလို့ ထပ်ခါထပ်ခါ အမှားတွေ မလုပ်မိဖို့ အရေးကြီးတယ် . . ခေါင်းအေးအေးထားဖို့ အချိန်ပေးသင့်တယ်  . . အကျပ်အတည်းတွေ ကြုံတဲ့အခါမှာ ..
ကျွန်တော်တို့ လူသားတွေ ကြုံတတ်လေ့ရှိတဲ့ ပြသနာ ကြီးကြီးမားမား ရင်ဆိုင်ဖြေရှင်းရမယ့် အခါမှာ. .
အများအားဖြင့် လူတွေက ပြသနာတွေ ထပ်ထပ်များများလာတဲ့အခါမှာ ခေါင်းတွေ ရှုပ်ပြီး သိပ်မစဉ်းစားချင်ကြတော့ဘူး ပထမဆုံးက စိတ်ဓါတ်ကျလာတယ်၊ ပြသနာတွေကို သိမ်းကျုံးစဉ်းစားတယ်၊ အများအားဖြင့် ပြီးစလွယ် ဖြေရှင်းတတ်ကြတယ်။ အဲလို ဖြေရှင်းတာဟာ မှန်တာတွေ ရှိသလို မှားတာတွေက ပိုပြီးအားသာနေတယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် ကိစ္စတစ်ခု ဖြစ်လာတိုင်းမှာ ၁ မိနစ်ဘဲ ရရ ၂ မိနစ်ဘဲ ရရ အရင်ဆုံး ခေါင်းအေးအောင် ထားလိုက်ပါ . . . စဉ်းစားချိန် မရှိတော့ဘူး ဆိုရင်တောင် ဖြေရှင်းနေတဲ့ အချိန်မှာ စိတ်ကိုအေးချမ်းအောင်ထားလိုက်ပါ ပြသနာက ထိပ်တိုက်တွေ့နေပြီ ရင်ထဲမှာ ဘလောင်ဆူနေလို့ ဘာမှ ဖြစ်မလာတော့ပါဘူး စိတ်ကြည်လင်သွားမှာ ဖြေရှင်းမယ့် နည်းလမ်း ဒါမှ မဟုတ် အခွင့်အလမ်းတစ်ခုက ကိုယ့်အရှေ့မှာ ပျပျလေး တော့ အနည်းဆုံး ပေါ်လာလိမ့်မယ်လို့ ကျွန်တော် ပြောချင်တယ်။
ဘာကြောင့်လဲ ? လို့ မေးရင်တော့ ကျွန်တော်တို့ ဂေါတမ ဟောသလိုဘဲ အကြောင်းရှိလို့ အကျိုးဖြစ်လာမှာပါ။ ကိစ္စတိုင်းဟာ အကောင်းအဆိုး ဒွန်တွဲနေလို့ပါဘဲ။ လူဆိုးတစ်ယောက်က လူဆိုးမဖြစ်ခင်မှာ ဘာမှ မသိတဲ့ လူသားတစ်ယောက်ပါ ဒါပေမယ့် လူမိုက်နယ်မြေ စတင်ခြေချလိုက်တာနဲ့ သူ့ပတ်ဝန်းကျင်မှာ လမ်းမျိုးစုံကို သူရွေးချယ်သွားနိုင်သလိုဘဲ ပြသနာတစ်ခုအပေါ် ခြေချလိုက်တာနဲ့ အဲဒါနဲ့ ပတ်သက်တဲ့ အကျိုးတွေ အပြစ်တွေကို မြင်တွေ့ရမှာ ဓမ္မတာပါ ဒါပေမယ့် အရမ်းစိတ်ရှုပ်ထွေးနေရင်တော့ မြင်ဖို့ ခဲယဉ်းတယ် လူအများစုဟာ
စိတ်မြန်လက်မြန် ဖြေရှင်းပြီးခါမှ နောင်တရတတ်ကြတယ် . . တစ်ချို့ကြတော့လည်း ငါဒီလို လုပ်လို့ရတာဘဲ ဆိုတဲ့ အတွေးလေး ဘဲဝင်လာပြီး ပျောက်ကွယ်သွားပြန်ရော . . နောင်တရတတ်သူတွေအတွက် နောင်တစ်ခါ သတိထားမိချင်မိလိမ့်မယ်. မေ့ပျောက် ထားတဲ့သူတွေအတွက်ကတော့ ဆက်ဆက်ပြီး မှားနေတော့တာပါဘဲ။ မမှားသင့်ဘဲမှားတဲ့အခါမှာ တချို့လူတွေအတွက် သိပ်ပြီးတော့ မထိခိုက်ပေမယ့် တစ်ချို့တ၀က်ကတော့ ဘ၀ပျက်သွားနိုင်တဲ့အထိ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ၁မိနစ်ပဲ ရရ ၂ မိနစ်ပဲရရ စဉ်းစားစေချင်ပါတယ်။
(ကျွန်တော်ပြောချင်တာတွေက သိပ်များနေတယ် ဗျောက်သောက်လည်း ဖြစ်ချင်ဖြစ်နေမယ်) ဘာပဲပြောပြော ကျွန်တော်ရေးထားတာထဲက အချက်တစ်ချက်ကိုလောက်ကို စဉ်းစားမိမယ်ဆိုရင်တော့ ကျွန်တော် ဒီဆောင်းပါးလေးကို ရေးဖို့ ပေးရတဲ့အချိန်လေးက တန်ဖိုးရှိသွားတာပေါ့ဗျာ။


(10-11-2010)