Thursday 14 July 2011

ရုပ်သေးရုပ်

မှောင်မိုက်ခြင်း လွင်ပြင်ထဲမှာ
ငါ မွတ်သိပ် တောင့်တမှုတွေနဲ့
ဖြစ်တည်လာခဲ့တယ် …
အမှောင်ထဲမှာ မွေးဖွားခဲ့သူ
ငါ့အတွက် အနာဂတ်မှောင်မိုက်နေတာအမှန်
ငါ့ရဲ့ ရပ်တည်မှုနေရာကိုတောင်
သိပ်မသိတဲ့ငါ အနာဂတ်ဆိုတာ မြူခိုးတစ်ခုလိုပါပဲ …
ငါ့ကျောပြင်ကို ပူစပ်စပ် လေကြမ်း ဖြတ်တိုက်သွားတယ်…
ဒီ ပူစပ်စပ်အရာကို ကျင့်သားရနေပေမယ့်
ငါ့ရဲ့ ခန္ဓာက လက်မခံနိုင်ဘူး ထင်ပါရဲ့…
ရှတတ ဒဏ်ရာတစ်ချက်နဲ့အတူ
နှလုံးသွေး တစ်စက်ယိုစီးသွားသလို
ငါ ခံစားလိုက်ရတယ် …
နှုတ်ခမ်းပေါ်က မွတ်သိပ်မှုကြောင့်
နှလုံးသားရဲ့ ခံစားမှုလေးကို ရုတ်သိမ်းလိုက်တယ်…
ဟော … ငါ့လို ရုပ်သေးရုပ်လေး
အလင်းအိမ်လေးတစ်ခု ကိုင်ဆွဲလို့ မှောင်မိုက်ခြင်း လမ်းထဲ တိုးဝင်သွားပါလား
ငါ သူ့အနောက် အမောတကော ပြေးလိုက်မိတယ် … ဒါပေမယ့် သူ့ အလင်းအိမ်လေးက
ငါ့အတွက် လုံလောက်တဲ့ အလင်းရောင် မပေးနိုင်ပါဘူး… သူ့ကျောပြင်ကို ငေးကြည့်ရုံကလွဲလို့
ငါ့ နေရာလေးမှာပဲ ငါ ရပ်နေခဲ့ရတယ် … ဒါပေမယ့် ငါ့ရင်ထဲ နွမ်းလျမှုတွေကတော့ ပိုတိုးလာခဲ့တယ်….
ငါ ကောင်းကင်ကြီးကို အားကိုးတကြီးမော့ကြည့်မိတယ် …. အလင်းအိမ်လေးတွေ ပျံဝဲလို့ပါလား
မှောင်မိုက်ခြင်း လွင်ပြင်ထဲ မွေးဖွားလာသူငါ့အတွက် ကောင်းကင်ကြီးကို မော့ကြည့်ယုံကလွဲလို့
ငါ့မှာ ဘာလုပ်နိုင်စွမ်းမှ မရှိဘူးလေ… ငါ့အတွက် အလင်းအိမ်ငယ်ငယ်လေးတစ်အိမ် ကြွေကျလာမလား ဆိုတဲ့
ဆန္ဒလေးတော့ ထားနိုင်ပါရဲ့နော်…

ဒီအလင်းအိမ်ငယ်လေးကို ရခဲ့ရင် ငါ လက်က ကိုင်ဆွဲလို့ ဟို မဲမဲလမ်းမကြီးထဲ လျှောက်ကြည့်ချင်တယ်လေ…
မျှော်လင့်ခြင်း လက်နက်တစ်စုံနဲ့ပေါ့ ….. ငါ့ ပါးပြင်ပေါ် ပူနွေးနွေး မြစ်တစ်ကြောင်း ဖြတ်စီးသွားတယ် ….
ဝမ်းနည်းမှုကြောင့်လား၊ မွတ်သိပ်မှုကြောင့်လား၊ ဘာကြောင့်ဆိုတာ
ငါ ကိုယ်တိုင် ခွဲခြား မသိနိုင်ပေမယ့် ….
ငါ မိုးကောင်းကင်ကြီးကိုတော့ မျှော်လင့်ချက် မျက်ဝန်းတစ်စုံနဲ့ ကြည့်နေဆဲပါ ……….

၁၅-၃-၂၀၁၁
လိပ်ပြာ

ကြီးပွားရေးအတွေးအပိုင်းအစများ - (၂)

မင်္ဂလာပါဗျာ… ပထမပိုင်းမှာ Barnes ကတော့ သူရဲ့ လက်ဆွဲဆောင်ပုဒ်လေးတွေကို ချပြသွားတယ်နော်… ခု ဒုတိယပိုင်းမှာ Mr Darby ဆိုတဲ့ လူတစ်ယောက်အကြောင်းကို ပြောချင်ပါတယ်.. Mr Darby ဟာ မြေကြီးကို စိတ်ဝင်စားတဲ့သူတစ်ယောက်ပေါ့ သူဟာ လူတွေရဲ့ ဦးနှောက်ထဲက ရွှေထွက်နိုင်တယ်ဆိုတာကို လုံးဝအယုံအကြည်မရှိတဲ့ သူဆိုလည်း ဟုတ်ပါတယ်.. သူသိတာ မြေကြီးထဲက ရွှေထွက်မယ် ဒါကြောင့် သူဟာ မိုင်းတွင်းကို ၀ယ်ဖို့ စိတ်ကူးတယ်.. ရွှေတူးမယ်ပေါ့လေ.. ဒါကြောင့် သူဟာ သူ့နေထိုင်ရာ Maryland မှာရှိတဲ့ Williamsburg ကို ပြန်လာခဲ့ပါတယ်.. သူ့မှာ မိုင်းတွင်းဝယ်ဖို့ ပိုက်ဆံ လုံလုံလောက်လောက်မရှိလို့ သူ့ရဲ့ မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေစုပီး လိုအပ်တဲ့ စက်ပစ္စည်းအနည်းငယ်၊ ကားလေးတစ်စီး၊ မြေကြီးသယ်ဖို့ ကားတစ်စီး ၀ယ်လိုက်ပါတယ်.. Colorado မှာ
ရှိတဲ့ မိုင်းတွင်း တစ်တွင်းကို ၀ယ်လိုက်ပါတယ်.. ပီးတော့ သူတို့တွေ မိုင်းတွင်းကို အားကြိုးမာန်တက် တူးခဲ့ကြတယ်.. သူတို့ မျှော်လင့်ထားသလို ရွှေကြောလေးတစ်ကြောတွေ့လို့ သူတို့အားလုံး အရမ်းဝမ်းသာသွားကြတယ် ဒီရွှေကြောလေးက ရတဲ့ ပိုက်ဆံနဲ့ အကြွေးတွေကြေသွားခဲ့တယ်…. လက်ထဲမှာရှိနေတဲ့ ပစ္စည်းလေးတွေ အဖတ်တင်သွားခဲ့တယ်ဆိုပါတော့ဗျာ… ဒါပေမယ့် ရွှေကြောက သေးသေးလေးဆိုတော့ ဘာမှတော့ သိပ်မရလိုက်ဘူး… သူတို့တွေ အကြီးကြီးမျှော်လင့်ထားခဲ့တာ ဒီလောက်နဲ့ ပီးဆုံးသွားတော့ စိတ်ဓါတ်လေးတော့ နည်းနည်းကျနေပီပေါ့လေ . . . သူတို့ဆက်တူးပါတယ် ဒါပေမယ့် ရွှေတစမှ မတွေ့ရတော့ဘူး။ သူတို့ စိတ်ဓါတ်ကျသွားပီ မယုံကြည်တော့ဘူး.. သူတို့အားလုံး မယုံကြည်တော့ဘူး ဆက်မလုပ်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ စက်ပစ္စည်းနဲ့ မိုင်းတွင်းကိုလည်း ပိုက်ဆံအနည်းငယ်နဲ့ ရောင်းချခဲ့မယ်ပေါ့လေ…
ဒီအချိန်မှာ သူတို့ ငှားထားတဲ့အလုပ်သမားက သူ့မှာရှိစု မတ်စုပိုက်ဆံလေးတွေနဲ့ မိုင်းတွင်းကို ၀ယ်လိုက်တယ် … သူတို့ကတော့
ကားလေးနဲ့ မြေကြီးသယ်ကားကြီးကို ပြန်ယူပီး ဆုတ်ခွာခဲ့ကြတယ်.. အလုပ်သမားလေးက မိုင်းတွင်းကျွမ်းကျင်တဲ့ အင်ဂျင်နီယာတစ်ယောက်ကို ပိုက်ဆံဟိုချေးဒီချေးနဲ့ ငှားပီးတော့ သူ့မိုင်းတွင်းကို လာကြည့်ခိုင်းသတဲ့ … တခြားမိုင်းတွင်းက လူတွေကတော့ ကြောင်တယ်ပေါ့လေ … ငါတို့တော့ တူးနေတာ နှစ်ကြာနေပီ… ဒီကောင်ဘာကြောင်တာလဲပေါ့. … သူများတူးပီးသား မိုင်းတွင်းအဟောင်းကြီး ယူပီးတော့ပေါ့လေ.. အင်ဂျင်နီယာရောက်လာတဲ့အခါ ကျွမ်းကျင်သူဖြစ်တဲ့အတိုင်း တွက်ချက်ကြည့်လိုက်တာ အရင် Mr Darby တို့ တူးလက်စ နေရာရဲ့ ခြေလှမ်းသုံးလှမ်းအကွာမှာ ရွှေကြောရှိနေတယ်လို့ အဖြေပေးခဲ့တယ်…. တကယ်တူးကြည့်တဲ့အခါ ရွှေကြောကြီးတစ်ကြောကို တွေ့ခဲ့တယ်တဲ့ … အလုပ်သမားလေးဟာ နေ့ခြင်းညခြင်း မီလျံနာ သူဋ္ဌေးတစ်ယောက်ဖြစ်ခဲ့တယ်.. သူက Mr.Darby တို့ကို ကျေးဇူးဆပ်တဲ့အနေနဲ့တော့ ပိုက်ဆံအနည်းငယ် ပေးခဲ့တယ်တဲ့ ဒီအကြောင်းလေးကို Mr.Darby က ပြောပြခဲ့တာပါ… သူ့အတွက် ခြေလှမ်းသုံးလှမ်းစာ သင်ခန်းစာကြီးတစ်ခုပေါ့ဗျာ.. သူက ဒီလိုပြောခဲ့တယ် ကျွန်တော့်ဘ၀မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ သင်ခန်းစာတစ်ခုပါပဲခင်ဗျာတဲ့၊ ဒါကြောင့် သူဟာ  … ငါတို့ နောက်ကို ခြေတစ်လှမ်းတောင် ထပ်မဆုတ်နိုင်တော့ဘူး ဆိုတဲ့စိတ်နဲ့ သူအရင်လုပ်ခဲ့ဖူးတဲ့ ယာအလုပ်တွေကို ပြန်မလုပ်ပဲ သူ့နယ်လေးမှာ အသက်အာမခံ ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့တယ်ဆိုပဲ။ အဲ့အချိန်က အသက်အာမခံကုမ္ပဏီတွေ ခေတ်မစားသေးဘူး… သူတို့ ဆွေမျိုးတွေ ၁၅ယောက်လောက်နဲ့ စခဲ့တဲ့ အလုပ်လေးပါ… ကျွန်တော်တို့ အဖွဲ့လေး စဖွဲ့တုန်းကဆိုရင် အသက်အာမခံဝယ်ဖို့ ပြောရင် နိုးဆိုတဲ့ စကားတစ်လုံးကလွဲရင် ဘာမှ မရခဲ့ပါဘူး.. ဒါပေမယ့် လုံးဝ မရပ်တန့်ခဲ့ပါဘူး။ ဒါဟာ ငါ့ကို ချောက်ထဲဆွဲချမယ့် လှည့်ကွက်တစ်ခုလိုပဲ သဘောထားခဲ့တယ်… ဒီလှည့်ကွက်ဟာ တစ်ဘ၀လုံးနဲ့ယှဉ်ရင် ခဏတာလေးပါ။ ငါတို့ရပ်ခဲ့တဲ့ ခြေလှမ်းသုံးလှမ်းဟာ ငါတို့အတွက် အကောင်းဆုံး ဥပမာ တစ်ခုပါပဲတဲ့။ သူတို့ လုပ်ခဲ့တဲ့အလုပ်လေးက ခုဆိုရင် တကမ္ဘာလုံးမှာ ခေတ်စားနေပါပီ.. သူတို့ အုပ်စုလေးဟာလည်း အမေရိကန်နိုင်ငံရဲ့ အထင်ရှားဆုံးအသက်အာမခံကုမဏီအဖြစ် အသွင်ပြောင်းသွားပါပီဗျာ … Mr.Darby ပြောခဲ့တဲ့ စကားလေးက လူတိုင်းရဲ့ ဘ၀တွေမှာ အောင်မြင်မှုမလာခင် ကျရှုံးမှုတွေ၊ ရပ်ဆိုင်းမှုတွေ၊ ဝေဖန်ခံမှုတွေ လာတတ်တယ်… အဲဒါက ခဏတာ လှည့်ကွက်လေးတစ်ခုပါပဲ… အဲ့ဒီ့ လှည့်ကွက်လေးကို ကျော်သွားပီဆိုရင် အောင်မြင်မှုပန်းကို ဆွတ်ခူးနိုင်ပါပီ.. ဒါပေမယ့် လူအများစုက လှည့်ကွက်အသေးစားလေးထဲမှာပဲ တစ်သက်စာ ရှုံးသွားတတ်ကြပါတယ်… ကျွန်တော်ကတော့ ခြေလှမ်းသုံးလှမ်းစာလေးကြောင့် ဒီပန်းကုံးကို ဆွတ်ခူးနိုင်ခဲ့တာလို့ ပြောခဲ့ပါတယ် ခင်ဗျာ…

ဆက်ပါဦးမယ်နော်….
သူငယ်ချင်းတို့လဲ ခဏတာလှည့်ကွက်လေးတွေထဲက ရုန်းထွက်နိုင်ပါစေဗျာ။



၂၈-၄-၂၀၁၁
လိပ်ပြာ

ကြီးပွားရေးအတိုင်းအပိုင်းအစများ အပိုင်း (၁)

မင်္ဂလာပါဗျာ၊ ကျွန်တော် ဆောင်းပါးမရေးဖြစ်တာ ကြာပါပီ၊ ခု ကျွန်တော်ဘာသာပြန်မဲ့ စာအုပ်လေးက Think and  Grow Rich ဖြစ်ပါတယ်။ ကျွန်တော်တို့ လူငယ်တွေသိသင့်တဲ့ အချက်လေးတွေ အများကြီးပါလို့ မျှဝေပေးချင်တာပါ။ ခေါင်းစီးကတော့ လှအောင် ဘာသာပြန်လိုက်ပါတယ် ခင်ဗျာ။
ဒီစာအုပ်လေးကို ရေးတဲ့သူက Napoleon Hill ဖြစ်ပါတယ်။ ဒီစာအုပ်ကို ရောင်းရတာ ခုဆို ၂၀၀၀၀၀၀၀ကျော် ရှိပါပီ။ ဒီစာအုပ်လေးက ကျောင်းသင်ရိုးစာအုပ်တစ်အုပ် ဖြစ်သင့်တဲ့ စာအုပ်လေးပါ။ ဒါပေမယ့် တချို့အကြောင်းအရာတွေကြောင့် ဖတ်စာအုပ်လေး ဖြစ်ခွင့်မရခဲ့ပါဘူး။ ဒီစာအုပ်လေးက ဖတ်စာအုပ်လေးသာ ဖြစ်ခွင့်ရမယ်ဆို ကျောင်းသားလူငယ်များအတွက် အရမ်းကို တန်ဖိုးရှိသွားမယ့် ကျောင်းချိန်လေးတွေ ဖြစ်သွားမှာပါ။ စာအုပ်လေးမှာ ဖော်ပြထားတာက ကျောင်းဟာ အချိန်တွေကို အကုန်လွယ်စေတဲ့ နေရာတစ်ခုပဲလို့ ဖော်ပြထားပါတယ်။ ကမ္ဘာပေါ်မှာ အောင်မြင် ကျော်ကြားတဲ့သူ အများစုဟာ ကျောင်းချိန်တွေမှာ အချိန်ကုန်ခြင်း မရှိခဲ့ပါဘူးလို့ဆိုပါတယ် ခင်ဗျာ.. ကျောင်းတွေပီးသွားတော့လဲ ရလာတဲ့ ရလဒ်က ဘ၀အတွက် ဘာ အထောက်အပံ့မှ မပေးနိုင်ပါဘူးတဲ့။  ဒေါက်တာဘွဲ့တွေကို selfstudy အနေနဲ့ လေ့လာပီး စာမေးပွဲ ၀င်ဖြေပီး ဘယ်အချိန်မဆို ရယူနိုင်တယ်လို့ ပြောတယ်ခင်ဗျ။ (သူတို့နိုင်ငံမှာ ကျောင်းမတက်ဘဲ စာမေးပွဲတွေ ၀င်ဖြေလို့ရတယ်ထင်ပါတယ်) ။ ဒီစာအုပ်လေးက ကမ္ဘာပေါ်မှာ အောင်မြင်တဲ့ စီးပွားရေးသမား ၅၀၀ ကျော်လောက်ကို လေ့လာထားတဲ့ စာအုပ်လေးပါ။ စာရေးသူ Hill ကိုယ်တိုင်လည်း နှစ်ပေါင်းများစွာ အချိန်ကုန်ခံပီး ပြုစုခဲ့တဲ့ စာအုပ်လေးဖြစ်လို့ ကမ္ဘာကျော်ခဲ့ရတာပါ။

ခု စာဖတ်သူအမျိုးအစားထဲမှာ စီးပွားရေးကို လုပ်ကိုင်တဲ့သူတွေလည်း ရှိမယ်၊ ကျွန်တော်တို့လို့ ဘာစီးပွားရေးကို ဘယ်လို စလုပ်ရမှန်း မသိတွေလည်းပါမယ်။ ကိုယ့်ရဲ့ လုပ်အားကို ကြေးမြင့်မြင့်နဲ့ လိုချင်ကြတဲ့သုတွေလည်း ပါမယ်။ လမ်းပျောက်နေတဲ့သူတွေလည်း ပါမယ်၊ ကျွန်တော်တို့ ဘာဆက်လုပ်သင့်တယ်ဆိုတာ ဒီစာအုပ်လေးက လမ်းပြပေးနိုင်တယ်လို့ ဆိုပါတယ်။
ကျွန်တော်တို့ ဘာကို အလိုရှိကြသလဲ??
ပိုက်ဆံလား၊ ဂုဏ်လား၊ ရာထူးလား၊ ရောင့်ရဲခြင်းတွေလား၊
ပျော်ရွှင်ခြင်း၊ အေးချမ်းခြင်းနဲ့ လူဝင်ဆန့်မှုတွေလား???

ခု ပထမဆုံးအနေနဲ့ စာရေးသူက Barnes ဆိုတဲ့ လူငယ်တစ်ယောက်အကြောင်းကို စပီး မိတ်ဆက်ပေးထားပါတယ်။ Barnes က အရမ်းကို စိတ်အားထက်သန်တဲ့ လူငယ်တစ်ယောက်ပါ သူ့ရဲ့အတွေးကတော့ အောင်မြင်တဲ့ စီးပွားရေးပိုင်ရှင် Thomas Edison နဲ့ စီးပွားရေး အတူတူ ပူးတွဲလုပ်ချင်တယ်ဆိုပဲ။ ပီးတော့ သူဟာ သာမန်လူတန်းစားပါ၊ ရင်းနှီးဖို့ ပိုက်ဆံလဲ မရှိပါဘူး။ လူငယ် မိုက်ရူးရဲ လူတစ်ယောက်ပေါ့လေ။ အက်ဒီဆင်ကတော့ အဲ့အချိန်မှာ အအောင်မြင်ဆုံး တီထွင်မှုပညာရှင် စီးပွားရေးသမား တစ်ယောက်ပါ။ Edisonဟာ အတန်းပညာ သုံးတန်းလောက်ထိပဲ ရှိခဲ့တဲ့သူပါ။ ဒါပေမယ့် သူဟာ ဒေါက်တာဘွဲ့များစွာကို ရယူခဲ့တဲ့ သူတစ်ယောက်ပါဘဲ ခင်ဗျာ။ ခုလဲ Barnes ဆိုတဲ့ လူငယ်က အကြီးကြီး ကြံလိုက်ပီဗျ။ သူဟာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကြောင့် Edison ကို သွားတွေ့ပီး သူနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပြောခဲ့တယ်။ အက်ဒီဆင်က သူ့ကို လက်မခံပါဘူး။ သူကလည်း မလျော့ပါဘူး။ နောက်ဆုံးမှာ Edison က သူရဲ့ထက်သန်တဲ့ စိတ်ကို သဘောကျလို့၊ သူ့ရဲ့ မျက်လုံးထဲမှာ ယုံကြည်ချက်တွေ ပြင်းထန်နေတာကို မြင်တော့။ ပူးပေါင်းမှုကိုတော့လက်မခံပါဘူး ဒါပေမယ့် မင်း အဲလောက်တောင် လုပ်ချင်ရင်တော့ ငါ့ဆီမှာ အရောင်းဝန်ထမ်းလုပ်ဆိုပီး အလုပ်ပေးလိုက်ပါတယ်။ Barnes က ဒီအဆင့်လောက်ကို မကျေနပ်ပါဘူး၊ ဒါပေမယ့် နီးစပ်လာပီလို့ ဆိုရမှာပေါ့၊ သူ ၀မ်းသာစွာပဲ အလုပ်ဝင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ စီနီယာတွေက အများကြီး၊ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေ မှေးမှိန်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အခွင့်ကောင်းကို မပြတ်ချောင်းနေတဲ့ သူတစ်ယောက်ပါ။ တစ်ရက် အက်ဒီဆင်တီထွင်ထားတဲ့
Ediphone machine ဟာ ဈေးကွက်မှာ ရောင်းအားကျနေတယ်။ ၀ယ်သူမရှိဘူး။ လူတွေကလည်း လက်ရှောင်ကြတယ်။ ဘယ်သူမှ မရောင်းချင်ကြဘူး၊ တာဝန်မယူချင်ကြပါဘူး။ Barnes က ဒီင်္အချိန်မှာ အရောင်းသမားဘ၀မှာ ပျော်ဝင်နေပီ သူရဲ့ ရောင်းအားပေါ်မူတည်ပီး ပိုက်ဆံလည်း ရတာမို့ သူဟာ ငွေရွှင်နေပီပေါ့လေ။ အဲ့အချိန်မှာ သူ စဉ်းစားတယ်၊ ငါ့ရဲ့ရည်ရွယ်ချက်က ဘာလဲ၊ ဒီနေရာကို ငါလာတာ Edison နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ခုငါ သူ့ရဲ့ အရောင်းသမားဖြစ်နေတယ်၊ ပိုက်ဆံတွေတော့ ရပါတယ် ဒါပေမယ့် ငါ့ ရည်မှန်းချက်က မပြည့်ဝသေးဘူး၊ ခု ငါ့အတွက် အခွင့်ကောင်းပဲ ဒီစက်ကို ရောင်းနိုင်ရင် ငါ အောင်မြင်ပီ၊ မရောင်းနိုင်ရင်တော့ ငါ သွားပီပေါ့၊ မိုက်ရူးရဲတဲ့ ဆုံးဖြတ်မှုပါဘဲ၊ ဒါပေမယ့် အခွင့်အရေးဆိုတာ နှစ်ခါမရဘူး။ အခွင့်အရေးဟာ တစ်ခါတစ်လေမှာ မကောင်းမှု အရေးခြုံပြီး လာတတ်တယ်။ ဒါပေမယ့် အရေခွံခွာချိန်လေးပါဘဲ အရေခွံလေး ခွာလိုက်ရင် ရွှေတုံးကြီးလဲ ဖြစ်နိုင်တာပဲ။ Barnes က Edison ကို သွားတွေ့ပီး သူ ဒီစက်ကို တာဝန်ယူ ရောင်းပါရစေလို့  သွားပြောခဲ့တယ်။ သူ ဒီအခွင့်အရေးကို လက်လွှတ်မခံနိုင်ဘူး၊ ပထမတော့ အက်ဒီဆင်က လက်မခံပါဘူး။ သူ့ရဲ့ စီနီယာကျတဲ့ သူတွေတောင် မလုပ်တဲ့ အလုပ်လေ။ (စီနီယာတွေကလည်း နပ်နေပီ အမြင်နဲ့ ကြည့်ပီး အလုပ်မဖြစ်ဘူးထင်လို့ကို အနားမကပ်တာ။) Barnes ရဲ့ စိတ်အားထက်သန်မှုကြောင့် Edison က နောက်ဆုံးတော့ လက်ခံလိုက်ပါတယ်။
Barnes ဟာ Ediphone ကို အောင်မြင်စွာ ရောင်းချပေးနိုင်ခဲ့ပါတယ်။ Edison က သူ့ကို တကမ္ဘာလုံးဆိုင်ရာ ကိုယ်စားလှယ် ခန့်လိုက်ပါတယ်။ သူဟာ Ediphone ကို ကမ္ဘာတစ်လုံး ကိုယ်စားလှယ်ယူ ဖြန့်ရတဲ့ ၊ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ရတဲ့ သူဌေးတစ်ယောက်ဖြစ်သွားခဲ့ပါတယ်ခင်ဗျ။ သူ ရည်မှန်းထားတဲ့ အရာထက် အကျိုးများစွာ ရယူနိုင်ခဲ့ပါတယ်။
သူရဲ့ ဆောင်ပုဒ်လေးက  ငါတို့ ဘာလိုချင်လဲ လိုချင်လို့ရတယ်၊ ဒါပေမယ့် ငါတို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့  လိုချင်တာကို ရယူနိုင်တဲ့အထိ ရပ်တည်နိုင်ရမယ် ဆိုတာပါပဲ ခင်ဗျာ။

ပျော်ရွှင်ပါစေနော် … 

နောက်မှ ဆက်ပါဦးမည်။

(၂၄-၄-၂၀၁၁)