ရှက်ဖို့ ကောင်းလှသည်….။
ကျနော်တို့ မြန်မာလူမျိုးတွေ … အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲဆံပင်ကောင်းမှုများပင် ဖြစ်တော့သည်။ဘာသာခြားများ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီးဖြစ်နေမည်။
မြန်မာလူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုးဖြစ်ကုန်မည်ကို စိုးရွံ့ မိသည်။ ၂၀၁၀ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ အယူသီးမှုများ၊ အစွဲအလန်းကြီးမှုများကို ကျနော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျနော်တို့နှင့် ယခုတိုင် အချို့ သောသူတို့သည် ပြဒါးတစ်လမ်း…. သံတစ်လမ်း၊ ဆန်ကျင်ဘက်အနေအထားပင်ဖြစ်နေသေးသည်။ သူတို့ထံမှ တီးတိုးပြောသံများ၊ အကြံဥာဏ် ပေးသံများ၊ ဆရာကြီးလုပ်သံများ၊ အတင်းအဖျင်း ပြောသံများ ရှုတ်ချသံများ၊ မချေမငံပြောသံများ စသည် လူမှုရေး တိုက်ခိုက်သံ အယူသီးမှုစကားလုံးများ ယနေ့တိုင် မကြာမကြာ ကြားနေရဆဲပင်ဖြစ်သည်။
ရှေးလူကြီးများ စကားမပယ်ဖျက်ကောင်းဘူးတဲ့…. ဒါက သူတို့ နောက်ဆုံးအနိုင်ယူတဲ့ စကားလုံး။ ဒီတော့….ကျနော် ရှင်းပြီ၊ ရှင်းရပြီ …. ရှင်းပြီဆိုသော်ငြားလည်း ကျနော် ရေးခဲ့ဘူးသော ( ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ် )ဟူသောစာစုမှ ကျနော်တို့၏ လူမှုရေးလမ်းပြ ကြယ်ဖြစ်သော ဆရာတော်ကြီး ဘဒ္ဒန္တ ဦးတိက္ခ၏ ဟောကြားချက်စကားများမှ စရတော့မည်။
အမျိုး ဘာသာ သာသနာအတွက် မြတ်စွာဘုရားရှင်သည် ကောင်းတာလုပ်လျှင် ကောင်းကျိုးပေးမည်။မကောင်းတာလုပ်လျှင် မကောင်းမှုများရမည် ဟူ၍ ဟောကြားခဲ့သည် မဟုတ်ပါလား….။ ဗုဒ္ဒဘာသာမြန်မာလူမျိုးများသည် ရတနာသုံးပါးကို ကြည်ညိုလေးစားဦးခိုက်ကြသော်လည်း ကံနှင့် ပက်သက်၍ယုံကြည်မှုအားနည်းမှုများကို တွေ့ရသည်။
လူအများစုသည် နာရေးကိစ္စများကို အယူသီးကြသည်။ နာရေးကြောင့် စီးပွါးပျက်တယ်။ လူသေတတ်တယ်။ထိခိုက်နစ်နာမယ်၊ ပျက်စီးဆုံးရှုံးတတ်၊ နိမိတ်မကောင်းမှုတွေ ဖြစ်တတ်တယ်ဟူ၍ ရှေးဘိုးဘေးဘီဘင်လက်ထက်ကတည်းက အယူသီးမှုများ အရိုးစွဲမှုများ ရှင်သန်လာခဲ့ကြသည်။
လူတော်တော်များများသည် အဆင်း၊အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ ဟူသော အာရုံငါးပါးထဲတွင် နစ်မွန်းနေကြသည်။မိမိကိုယ်မိမိတို့ သုတ (သို့) မင်္ဂလာဟု သတ်မှတ်နေကြသည်။အမှန်မှာ…. ရှင်သူ၊သေသူ အားလုံးသည် အသုဘများ (သို့) အမင်္ဂလာများပင် ဖြစ်တော့သည်။
အဘယ်ကြောင့်ဆိုသော်….. ရေမချိုးဘဲနဲ့ ဆယ်ရက်ခန့်နေကြည့်လျှင် မိမိခန္ဒာမှ အပုပ်နံ့များ ထွက်လာမည်။ဒွါဒခြောက်ပါးမှ အနံ့အသက်မျိုးစုံ ထွက်နေတော့မည်။ ရုပ်တရား နမ်တရားအားလုံးသည် အသုဘချည်းပင် ဖြစ်သည်။မည်သည့်အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။…။
မြတ်စွာဘုရားသည် လူမသာကို အိမ်ထဲသို့ ရပ်ကွက်ထဲသို့ သွင်းလျှင် ခိုက်သည် ဟူ၍ မဟောကြားခဲ့ပါ။
စဉ်းစားစေချင်သည်… ရပ်ကွက်၊ အိမ်ပြင်ပတွင် ဆုံးသွားပါက ရပ်ကွက်ထဲ အိမ်ထဲသို့ အသွင်းမခံကြ သွင်းလျှင်ရွာနာတယ်။ အရပ်နာတယ်။ အိမ်သူအိမ်သားတွေ ခိုက်တယ်ဟူ၍ မည့်သည့်ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံးနီးပါး အယူသီးမှုများက လွှမ်းခြုံနေမှုကို ခံနေရသည်။
ဒါဆို ……. ကျနော်မေးတော့မည်။
လူမသာကျတော့ ရပ်ကွက်ထဲ၊ အိမ်ထဲ မသွင်းကောင်းဘူးတဲ့…. ။ အဲဒါဆိုလျှင် တိရိစ္ဆာန်မသာများကျတော့ဘာလို့အိမ်ထဲ သွင်းကြသနည်း။ သက်ရှိလောကကြီးထဲတွင် လူသာလျှင် အမြတ်ဆုံးဖြစ်သည်လို့ပြောကြပြီး မည်သည့်အတွက် နံနက် ဈေးကပြန်လာလျှင် သူ့ထက်ငါ အလုအယက် ငါကတော့ ကြက်သားစားနိုင်တယ် ..ငါကတော့ ၀က်သား စသဖြင့် အပြိုင်အဆိုင် ဈေးဝယ်လာပြီး ဂုဏ်ယူဝင့်ကြွားစွာ နေအိမ်ထဲသို့ တိရစ္ဆာန်မသာများကို ထည့်ပြီး…. ခုတ်ထစ်ဆေးကြောကြော်လှော် ချက်ပြုတ်ပြီး မိမိတို့ ပါးစပ်ထဲသို့ တိရစ္ဆာန်မသာများကို ဘာကြောင့်ထည့်ကြသနည်း…။ အရိုးများကို နူးနေအောင် ချက်ပြုတ်၍ ၀ါးကြသည်မဟုတ်ပါလား…..။
ဒါကြောင့် လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သင်္ချိုင်း လူ့ပါးစပ်သည် တရစ္ဆာန်တို့ မီးသဂြိုလ်စက်ပင်ဖြစ်တော့သည်။
တိရစ္ဆာန်မသာကျတော့ မိမိတို့ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာကျတော့ အိမ်ထဲရပ်ကွက်ထဲသို့ အသွင်းမခံမှုတို့သည်အဆိုးဝါးဆုံးသောအယူသီးမှု မိစ္ဆာဒိဌိအယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။ တဖန် လူသေသွားလျှင် အိမ်နောက်ဖေးကသယ်သွား၊ တံစက်မြိတ်ရေ လက်ပြန်ရေနဲ့ ရေချိုးပေး အ၀တ်အစားဝတ် သနပ်ခါးလိမ်း ဆံပင်ထုံးပေး နှုတ်ခမ်းနီဆိုးပေးပန်းပန်ပေးနဲ့ သေသွားမှ ကြင်နာပြ ဂရုစိုက်ပြနေတော့သည်။ အလောင်းလှအောင်လုပ်တာတဲ့….။ ပြုံးပြုံးလေးသေမှ အလောင်းလှတာတဲ့…။ နောက်မှ ခေါင်းက ဆံပင်ကိုဖြတ်၊ ခြေထောက်နှစ်ချောင်းကို တုတ်တော့သည်။အိမ်မှာ နှစ်ညတောင် ထားရဦးမှာဖြစ်တဲ့အတွက်တဲ့ဗျာ…။ သေတာတောင် အချုပ်အနှောင်ခံရတဲ့ဘ၀….။
ထို့နောက် သေသူနှင့် ပါးစပ်ထဲ မတ်စေ့(ယခုခေတ်တွင်တော့ မရနိုင်တော့) ထည့်သည် ကူးတို့ခဟု ဆိုကြပြန်သည်။ အသက်မရှိသော ခန္ဒာနှင့် တမတ်ပေးစီး၍ ဘယ်ကိုသွားမည်နည်း….။တချို့ က ပါးစပ်ထဲ ထည့်ထားသည့် မတ်စေ့ကို အတင်းနှိုက်ပြန်သည်။
ကံကောင်းတယ်တဲ့။ ငွေပွားတယ်တဲ့လေ…။
အလောင်းကို အိမ်ကထုတ်တော့….. ခြေက မထုတ်ရဘူး ခေါင်းက မထုတ်ရဘူး တခါးဘောင်နဲ့ မထိရဘူး အိမ်နံရံကို မထိရဘူးလှေကားက မဆင်းရဘူး စသဖြင့် ဘူး..များပဲ့တင်ထပ်နေတော့သည်။ နောက်ထပ် ကြေးစည်ထု ကနားဖျင်းဖျက်ခြင်း လုပ်တော့သည်။ နောက်နိဗ္ဒာန်ယာဉ်ပေါ်သို့ အလောင်းတင်သော် ရေအိုးကို ခွဲတော့သည်။ မင်းနဲ့ငါတို့ အိုးစားကွဲပြီ အိမ်ပြန်မလာနဲ့ ဟုဆိုသည်။နောက်ငိုကြ ယိုကြ နဲ့ မသွားရဘူး ခေါ်မသွားရဘူး ပစ်သွားပြီလား စသဖြင့် အယူစွဲ အယူသီးမှုများ လွှမ်းခြုံနေကြသည်။ သုသာန်သို့ရောက်သော် အခေါင်းထဲမှ ပန်းတစ်ပွင့်ကိုယူ၍ ယူသည့်လူက စကားမည်သူ့ကိုမျှ မပြောတော့ချေ။ သေသူရဲ့ လိပ်ပြာကို ပြန်ခေါ်တာတဲ့….။ အိုးစားကွဲလိုက်ကြ ပြန်ခေါ်လိုက်ကြ ခြေထောက်ကို တုပ်နှောင်လိုက်ကြ ငိုလိုက်ကြနဲ့ သေသူကို မီးသဂြိုလ်စက်ထဲသို့ ထည့်မည့်အစား ထိုသူများကို စိတ်ရောဂါ အထူးကုဆေးရုံသို့ပင် ပို့ပေးရမလိုဖြစ်တော့သည်။
သေဆုံးသူ၏ လုံချည်၊ အင်္ကျီ၊ ခြင်ထောင်၊ မွေ့ယာများကို ခိုက်မှာစိုး၍ ဘုန်းကြီးကျောင်းကို ပို့ကြသည်။ ကုသိုလ်ရအောင်ဘုန်းကြီးကျောင်းတွင် ချိတ်ဆွဲခိုင်းတော့သည်။ ဒါဆို ဘုန်းကြီးတွေကျတော့ ခိုက်စေတဲ့လား…? သေဆုံးသွားသူ၏ လက်ဝတ်လက်စား၊ ဆွဲကြိုး ၊လက်စွပ်များကြတော့ ခိုက်မှာစိုး၍ ဘုန်းကြီးကျောင်းကို မလျှူကြတော့ဘူးလား… ဘယ်ရောက်ကုန်ပါလိမ့်…။
နာရေးယာဉ်(နိဗ္ဒာန်ယာဉ်) ကိုလည်း ရပ်ကွက်ထဲဝင်လျှင် ဟိုဖက်က၀င် ဒီဖက်ကမ၀င်ရဘူး စသဖြင့် တားမြစ်သူတွေ၊ မိမိအိမ်ရှေ့ တွင် မော်တော်ယာဉ်ခေါင်းလာလှည့်တာကို မလိုချင်၊ နိဗ္ဒာန်ယာဉ်မောင်းသည့် ယာဉ်မောင်းများလည်း ယခင်က မကြာခဏလက်သီးနှင့် အထိုးခံရမှုများရှိခဲ့သည်။ လမ်းထိပ်တွင် ကန်တော့ပွဲထိုးပေးခဲ့ရသည်လည်းရှိခဲ့သည်။. ရှိနေဆဲပင်….. ။ ကောင်းပြီ။ ဒါဆိုရင် အဲဒီလမ်းက လူတွေက မသေတော့မဲ့ သူတွေများလား….။ သေခဲ့သည်ရှိသော် မိမ်အိမ်မှ လမ်းထိပ်သို့ မိမိတို့ ကိုယ်တိုင်သယ်ပို့ပြီး ‘မ’ ချမည်တဲ့လား…။ နောက်…. နိုင်ငံရပ်ခြားတွင် သေဆုံး၍သေဆုံးသူ၏ ခန္ဒာကိုယ်အား မြန်မာပြည်တွင် သဂြိုလ်ချင်၍ ပြန်သယ်လာသော အလောင်းမျးသည် လေယာဉ်ဖြင့် သယ်ဆောင်လာရခြင်းဖြစ်သည်။ ထို့ကြောင့် လမ်းထဲမ၀င်ရဘူး၊ ဟိုဘက်က မထွက်ရဘူး၊ ဒီဘက်က မ၀င်ရဘူး အိမ်ရှေ့ ကားမကွေ့ရဘူး စသဖြင့်ပြောနေသူများ စဉ်းစားကြည့်စေချင်သည်။ မိမိတို့ဦးခေါင်းထက် မိမိတို့၏ နေအိမ်ထက်မှ နေ့စဉ်အလောင်းတင်လေယာဉ်များ ဖြတ်သန်နေဆဲ ပျံသန်းနေဆဲပင် ဖြစ်တော့သည်။ နိဗ္ဒာန်ယာဉ် ၀င်တာကိုတော့ မကြိုက်ကြ၊ နိဗ္ဒာန်ယာဉ်ကိုမြင်ကြလျှင်တော့ မိမိတို့၏ ပိုက်ဆံအိတ်များကို ပုတ်ကြကာ လာဘ်ရွှင်လို့လား…. စဉ်းစားကြပါ….။ သိပ်ရှက်ဘို့ ကောင်းနေပြီ။
မိမိတို့၏ စိတ်ဓါတ်များ ခံယူချက်များ အယူသီးမှုများကို ပြန်လည်ပြုပြင်စေလိုပါသည်။ ပြဒါးတစ်လမ်း… သံတစ်လမ်း မဖြစ်သင့်တော့ပါ။
ကိုယ့်စိတ်ကို ပြန်စစ်ကြည့်စေချင်သည်။
မှားလား……….မှန်လား….။
မှန်လား…………မှားလား…..ဆိုတာ
မှားရင်…………ပြင်
မှန်ရင်…………ဆက်လုပ်ဘို့က အားလုံးရဲ့ တာဝန်ဖြစ်တော့သည်။
ကဲ … သူငယ်ချင်းအားလုံးဘဲ ဘယ်ဟာက မှန်လဲ ဘာကမှားလဲဆိုတာ ကိုယ်တိုင်တွေးဆကြည့်ပါ။ သိသင့်တယ်ထင်လို့ ရှယ်လုပ်ခြင်း ဖြစ်ပါတယ်ခင်ဗျ။